လူငယ် စေ့စပ်ဖြန်ဖြေသူတစ်ဦးသို့ ပေးစာ

အမ်မာလက်စ်လီ ရေးသားသည်။

စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအကြောင်း ကျွန်မ ဖတ်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး စာအုပ်မှာ ဆူးနှင့် စတိဗ် ဝီလီယမ်စ် Sue and Steve Williams တို့ ရေးသော ဘေးမှာရှိခြင်းဖြင့် အလယ်တွင် ရှိခြင်း Being in the Middle by Being on the Edge စာအုပ် ဖြစ်သည်။ ကျွန်မတို့သည် စေ့စပ်ညှိနှိုင်းခြင်းကို အဖွဲ့များအကြား စွမ်းအားအပြည့်ဖြင့် ထိုင်ပြီး သဘောတူညီချက်တစ်ခု ရအောင် အားထုတ်သော လူတစ်ယောက်၏ အလုပ်တာဝန်ဟု မကြာခဏ စဉ်းစားတတ်ကြသည်။ ဆူးနှင့် စတိဗ်တို့၏ ချဉ်းကပ်မှုမှာ သက်ဆိုင်သော အဖွဲ့များနှင့် အတူ အလုပ်လုပ်ရန်၊ ၎င်းတို့ ယုံကြည်မှု တည်ဆောက်သည်နှင့်အမျှ ချိတ်ဆက်ပေးရန်နှင့် ပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရာတွင် ကူညီပေးသည့် စေ့စပ်ညှိနှိုင်း ဖြန်ဖြေသူတစ်ဦး၏ စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နေရသော အခန်းကဏ္ဍကို အလေးပေးဖော်ပြသည်။ အလုံးစုံ ဘက်စုံလွှမ်းခြုံပါဝင်သော သဘောတူညီချက်တစ်ခုအပေါ် အလေးထားမှု နည်းသော်လည်း ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းမည့် များပြားလှသော ကြားဝင်ဆောင်ရွက်မှုများ၊ သဘောတူညီချက်များနှင့် ရှေ့ဆက်မည့် နည်းလမ်းများ ရှိသည်။ ဘေးတွင်ရှိနေခြင်းကို အလေးထားခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သော အဖွဲ့များသည် လုပ်ငန်းစဉ်၏ ဗဟိုသော့ချက်ဖြစ်ပြီး စေ့စပ်ညှိနှိုင်း ဖြန်ဖြေသူမဟုတ်ကြောင်းကို အမှတ်ရစေသည်။ မိုရိုအစ္စလာမစ်လွတ်မြောက်ရေးတပ်ဦး Moro Islamic Liberation Front (MILF)နှင့် ဖိလစ်ပိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့ International Contact Group သည် ယုံကြည်မှု မြှင့်တင်ပေးခြင်း၊ ပြဿနာ ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးစားပွဲသို့ ထပ်ဆောင်း တွန်းအားနှင့် ရင်းမြစ်များ ဆောင်ကြဉ်းပေးခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစွန်အဖျားမှ ပံ့ပိုးပေးသည့် သာဓက တစ်ခုဖြစ်သည်။

ဆရာမ ဒက်ခါ အီဘရာဟင် အက်ဘ်ဒီ Dekha Ibrahim Abdi သည် လှည့်လည်သွားလာသော လူမျိုးစုအဖွဲ့များနှင့် အခြားစစ်တိုက်နေသော အဖွဲ့များအကြား ကင်ညာအရှေ့မြောက်ပိုင်းရှိ ပဋိပက္ခများကို စေ့စပ်ဖျန်ဖြေပေးသည့် သူ့အတွေ့အကြုံအပေါ် အခြေခံ၍ ဤလုပ်ငန်းစဉ်အကြောင်း ကျွန်မ သိရှိနားလည်မှုကို ပိုမိုပြည့်စုံစေခဲ့သည်။ ဆရာမဒက်ခါ၏ မန္တန်မှာ “မင်းအတ္တကို ဖယ်ထုတ်လိုက်” ဟူ၍ ဖြစ်သည်။ စေ့စပ်ညှိနှိုင်းဖြန်ဖြေရာတွင် ကျွန်မတို့၏ အတ္တမာနကို ဘေးဖယ်ထားရန်၊ အလုပ်အတွက် ကျွန်မတို့၏ စိတ်အားတက်ကြွမှုသည် မိမိကိုယ်ကို အသိအမှတ်ပြုမှု သို့မဟုတ် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်၊ အဖွဲ့များအတွက်သာ အမြဲထာဝရဖြစ်ကြောင်း သေချာအောင် လုပ်ရန် အမြဲ စိန်ခေါ်ခဲ့သည်။ အတ္တဆန်သော ဖျန်ဖြေမှုသည် ဘေးဥပဒ်သို့သာ ဦးတည်သွားနိုင်သည်။ အတ္တဖြင့် တွန်းအားပေး မောင်းနှင်သော စေ့စပ်ညှိနှိုင်းဖြန်ဖြေမှုသည် ဘေးဥပဒ်သို့သာ ရောက်နိုင်သည်။

ဖိလစ်ပိုင်အစိုးရနှင့် MILF တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တန်ဂူ ဒါတူ အက်ဘ်ဒူလ် ဂါဖာ တန်ဂူ ဘင် မိုဟာမက် Tengku Datu Abdul Ghafar Tengku Bin Mohamad စေ့စပ်ညှိနှိုင်းဖြန်ဖြေမှု လုပ်နေသည်ကို ကြည့်ခြင်းမှ emotional intelligence စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်း သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး၏ တန်ဖိုးကို သင်ယူခဲ့ရသည်။ ပြဿနာများကို သိရှိနားလည်ခြင်းသည် အခြေခံဖြစ်သော်လည်း sensing the dynamics တွန်းအားတိုက်အား၊ လှုပ်ရှားမှုအရွေ့များကို အာရုံခံ သတိပြုမိခြင်းသည် ထိရောက်သော စေ့စပ်ညှိနှိုင်းဖြန်ဖြေသူတစ်ဦး ဖြစ်ရန် အခရာကျသည်။ ဟာသသရုပ်ဆောင် ဂျယ်ရီ ဆိုင်းဖဲလ်ဒ် Jerry Seinfeld က ထိုအချက်ကို ဟာသနယ်ပယ်တွင် “အာရုံစိုက်ခြင်း၊ မျက်စိဖွင့်၊ နားစွင့်ပြီး သင့်ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသလဲ စောင့်ကြည့်ခြင်း” ဟု ဖော်ပြခဲ့သည်။ တစ်နည်းဆိုရသော် အသေးစိတ်အချက်အလက်များ၊ သိမ်မွေ့သော ကွဲပြားချက်များ၊ ကိုယ်လက်အမူအရာ၊ စေ့စပ်ညှိနှိုင်းသူများ၏ ကိုယ်ရေးသမိုင်းများနှင့် ဆွေးနွေးခန်းအတွင်းရှိသူများအကြား ဆက်စပ်မှုများကို သိမြင်ခြင်း ဖြစ်သည်။ မရှိမဖြစ် လိုအပ်သောကျွမ်းကျင်မှု စွမ်းရည်တစ်ခုမှာ လုပ်ငန်းတာဝန်နှင့် ဆက်ဆံရေးကို ဟန်ချက်ညီစေမည့် intuition အလိုလိုသိခြင်း စွမ်းရည် ပြုစုပျိုးထောင်ရန် ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများသည် အကြောင်းအရာအတွက်သာမက နှစ်ဘက်အဖွဲ့များ၏ ဆက်ဆံရေးအတွက်လည်း တန်းတူ၊ သို့မဟုတ် ပို၍ပင် သက်ဆိုင်သည့်အပြင် ၎င်းအဖွဲ့များ ငြိမ်းချမ်းရေးကို မည်သို့ အတူတကွ ဆက်လက် လုပ်ဆောင်ကြမည်ကလည်း အလွန်သက်ဆိုင်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ မည်သည့်အဖွဲ့မဆို ကြီးမားပြီး ကျစ်လစ်ခိုင်မာသော အဖွဲ့အစည်းတစ်ရပ် မဟုတ်ဘဲ စိတ်ခံစားမှုများ၊ သမိုင်းတလျှောက် မကျေနပ်မှုများ၊ မိသားစု သို့မဟုတ် မျိုးနွယ်စု၏ အမွေအနှစ်များနှင့် တစ်ခါတစ်ရံ ကိုယ်ကျိုးစီးပွား သို့မဟုတ် ၎င်းတို့အဖွဲ့၏ ဖြစ်တည်မှု အမှတ်သညာကို ခိုင်မာသော သိမြင်နားလည်မှု စသည်တို့မှ တွန်းအားပေးသော ရှုပ်ထွေးသည့် လူသားများဖြင့် ဖွဲ့စည်းထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ စေ့စပ်ညှိနှိုင်းဖျန်ဖြေခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းများသည် လေးနက်သော အလုပ် ဖြစ်သော်လည်း မာရီ အန်ဒါဆင် Mary Anderson ပြောစကားအရ “ မမောမပန်း ရွှင်ရွှင်ပျပျ နေကြပါစို့”။ အခက်ခဲဆုံး ပြဿနာများနှင့် အဆိုးဆုံးသော ရှေ့မတိုး၊ နောက်မဆုတ်သာ ကိစ္စရပ်များကို မကြာခဏ လမ်းဖွင့်ပေးသည်မှာ ကျွန်မတို့၏ အတူတူ ရယ်မောနိုင်စွမ်းဖြစ်သည်။ သို့မျှမက အအောင်မြင်ဆုံးသော စေ့စပ်ညှိနှိုင်းဖျန်ဖြေသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်သူများနှင့် စေ့စပ်ညှိနှိုင်းသူများသည် အကြောင်းအရာ ကိစ္စရပ်များအပေါ် ပွဲကြမ်းရသော်လည်း ဆွေးနွေးသူများအပေါ်တွင် ညှာတာသူများ ဖြစ်ကြသည်။ ရွှင်လန်းတက်ကြွမှုသည် ရှည်လျားလှသော အလုပ်ချိန်များစွာကို အလုပ်ပြီးမြောက်စေမည့် ညှိနှိုင်းဆွေးနွေးမှုအတွက် အထောက်အကူပြုသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်သည်။ မာရီ ဖစ်ဇ်ဒဖ် Mari Fitzduff မှ “သင့်ကိုယ်သင် အလွန်အမင်း အလေးအနက် မထားပါနှင့်” ဟု အကြံပေးသည်။ စိတ်ပျက်ကြေကွဲနေသော မျက်နှာ၊ တလောကလုံး ဒုက္ခများပိနေသလို ပူလောင် ပင်ပန်း နွမ်းနယ်နေလျက် လျှောက်သွားနေသော ငြိမ်းချမ်းရေးရအောင် ကြိုးစားသူများကို မြင်ရသည်ထက် ဆိုးသောအရာ မရှိ။ ဟန်ချက်ညီအောင် ထိန်းရန် လိုသည်။ ပင်ပန်းပါက အနားယူပါ။

ကျွန်မတို့ မိသားစုများ၊ မိတ်ဆွေများ၊ ပံ့ပိုးသူများနှင့် ဝန်ထမ်းများသည် ထပ်တူ ထိုက်တန်ကြသည်။ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့အလုပ်သည် အားအင်ကုန်ခန်းစေပြီး တာဝန်ဝတ္တရားများကြောင့် စိတ်ဖိစီးမှုများသော်လည်း ကျန်းမာရေး၊ မိသားစုဘဝနှင့် ပျော်ပျော်နေခြင်းတို့က ကျွန်မတို့ စိတ်မှန်အောင် စိတ်ကြည်လင်အောင် ထိန်းပေးထားသလို လူသဘောသဘာဝ၊ စာနာမှုနှင့် ချိတ်ဆက်ပေးကာ ငြိမ်းချမ်းရေးအတွက် အလုပ် လုပ်ရန် ပျော်ရွှင်မှုနှင့် စိတ်အားတက်ကြွမှုပေးသော ရင်းမြစ်ဖြစ်သည်။ သူရဲကောင်း မလုပ်ပါနှင့်။ အနားယူပါ၊ ကာယလေ့ကျင့်ခန်းလုပ်ပါ၊ ကောင်းကောင်းစားပါ၊ များများ ရယ်ပါ၊ ဟန်ချက်ညီပါစေ။ ဟားဟား! အခြားသူများကို အကြံပေးရသည်မှ အမြဲပိုလွယ်၏။

ကျွန်မတို့ အများစုသည် ဤအလုပ်ကို အပြင်လူများအဖြစ်၊ အခြားသူများ၏ ပဋိပက္ခများအတွင်းသို့ ကူညီရန် အပြေးအလွှား ဝင်လာကြသည်။ ကျွန်မတို့မှာ ပဋိပက္ခဖြစ်နေသော အဖွဲ့များအနေဖြင့် မည်သည်တို့ လုပ်ဆောင်သင့်သည်၊ လုပ်နိုင်သည် သို့မဟုတ် သဘောမတူနိုင်သော အရာများအကြောင်း ထင်မြင်ယူဆချက်များ မကြာခဏ ရှိတတ်သည်။ ပဋိပက္ခနှင့် ၎င်း၏ အကျိုးဆက်များသည် ထိုအဖွဲ့များနှင့် သက်ဆိုင်ကြောင်း အမြဲ သတိပြုရမည်။ ငြိမ်းချမ်းရေး ကျရှုံးခဲ့လျှင် အကြမ်းဖက်မှုကို အပြည့်အဝ ကိုယ်တွေ့ခံစားခဲ့ရသည့်အပြင် သူတို့ ကိုယ်တိုင်နှင့် သူတို့ မိသားစုများ၏ ဘဝများပါ ထိခိုက်ခံစားရမည်ကို သိလျက်နှင့် သူတို့ လုပ်နိုင်သော အပေးအယူ ညှိနှိုင်းမှုများနှင့် ရွေးချယ်မှုများကို ပြုလုပ်ရမည်။ ဤအချက် – စစ်၏ အနိဋ္ဌာရုံသည် အဖွဲ့များအတွက် ငြိမ်းချမ်းရအောင် လုပ်ရန် အားအကောင်းဆုံးသော စေ့ဆော်မှု ဖြစ်သည်။ အပြင်လူများအဖြစ် ကျွန်မတို့မှာ ဆုံးရှုံးစရာ များစွာ နည်းပါးသော်လည်း ပဋိပက္ခတွင် ပါဝင်သော အဖွဲ့များသည် အရာရာ ဆုံးရှုံးနိုင်သည်။ ဤအချက်ကို အရှိအတိုင်း ထည့်သွင်းစဉ်းစားခြင်းဖြင့် အဖွဲ့များက မည်သည့်အချက်ကို သဘောတူ၊ မတူကို မည်သည့်အခါမျှ အမှန်အဖြစ် မယူဆရန် သို့မဟုတ် မမှန်းဆရန် ကူညီပေးသည်။

အဖွဲ့များ၊ ၎င်းတို့၏ နိုင်ငံရေး စိတ်ဆန္ဒနှင့် အူလှိုက်သည်းလှိုက် လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို အလယ်မှာ ထားခြင်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သေချာရရှိနိုင်စေမည်။ ဤနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းဖြန်ဖြေခြင်းသည် ကျွန်မတို့ အတ္တမာနမှ မဟုတ်၊ ငြိမ်းချမ်းရေး လိုချင်သော ဆန္ဒမှလာသည့် စိတ်အားတက်ကြွမှု၊ စေ့ဆော်မှု လိုအပ်ပြီး တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းမှ အင်အားအရွေ့များကို ဆက်လက် သတိပြုလျက် စိတ်ခံစားမှုများကို ထိန်းချုပ်ခြင်း၊ ရွှင်လန်းမှုနှင့် မမောမပန်းရှိမှုတို့ကို ကျင့်သုံးရန် လိုသည်။

နောက်ဆုံးအနေဖြင့် မဆုတ်မနစ် ကြိုးပမ်းမှုသည် အောင်မြင်သည်၊ မည်သည့်အခါမှ အရှုံးမပေးပါနှင့် ဟု ကျွန်မ၏ ကိုယ်ပိုင် ရှုမြင်တွေးခေါ်မှုကို မျှဝေပေးလိုက်သည်။ ဤနည်းဖြင့် တစ်ခုခု အဆင်မပြေပါက နောက်တစ်နည်း စမ်းကြည့်ပါ။ သင် ပင်ပန်းနွမ်းနယ်သလို သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့သလို ခံစားရပါက ခဏနားပါ၊ ပြီးမှ နောက်တစ်ကြိမ် ပြန်စလုပ်ပါ။ ငြိမ်းချမ်းရေးသို့ ဦးတည်သော ခရီးသည် အလွန် ရှည်လျားသော်လည်း အကြမ်းဖက်မှုဒဏ် ခံစားနေရသူများသည် မစောင့်နိုင်ကြပေ။ ထို့ကြောင့် ကျွန်မတို့အားလုံးအတွက် နေရာတစ်ခု ရှိပြီး ငြိမ်းချမ်းရေးသည် ဖြစ်နိုင်သည်ဟု အချင်းချင်း အားပေးရမည်ကို သိနားလည်လျက် ကျွန်မတို့အားလုံး မဆုတ်မနစ် ကြိုးပမ်းကြပါစို့။